Series
စ-ဆုံး
လူ့လက်သည်းခွံကို စားပြီး လူအသွင်ပြောင်းတတ်တဲ့ ကြွက်ဆိုတဲ့ ကိုရီးယားရိုးရာပုံပြင်ကို အခြေခံထားတဲ့ Kakao ရဲ့ နာမည်ကြီး Webtoon "Field Mouse" ဟာ အခုဆိုရင် စိတ်လှုပ်ရှားစရာ Mystery Thriller ဇာတ်လမ်းတွဲအဖြစ် ထွက်ရှိလို့လာခဲ့ပါပြီ။ ဒီဇာတ်လမ်းထဲမှာတော့ မင်းသား Ryu Jun-yeol က မိမိရဲ့ဘဝတစ်ခုလုံးကို အလုယူခံလိုက်ရတဲ့ စာရေးဆရာတစ်ယောက်အဖြစ် ပါဝင်ထားပြီး ဝါရင့်မင်းသားကြီး Sul Kyung-gu ကတော့ အကြွေးရှင် စုံထောက်တစ်ယောက်အနေနဲ့ အားပြိုင်သရုပ်ဆောင်ထားတာကြောင့် အစအဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ လူသူကင်းဝေးတဲ့နေရာမှာ တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်တတ်တဲ့ ဝတ္ထုရေးဆရာ ဂျယ်မွန်းဂျယ်ဟာ တစ်နေ့မနက်မှာ သူ့ရဲ့ဖုန်းကို လက်ဗွေရာနဲ့ ဖွင့်လို့မရတော့တာကို ထူးဆန်းစွာ ကြုံတွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ကိစ္စအဝဝကို စီမံပေးနေတဲ့ တစ်ဦးတည်းသော သူငယ်ချင်းကပါ သဲလွန်စမရှိ ပျောက်ဆုံးသွားခဲ့ပါတော့တယ်။ မိမိဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေပြစရာ အထောက်အထား ဘာတစ်ခုမှ မကျန်တော့တဲ့ မွန်းဂျယ်ဟာ "ကြွက်" လို့ အမည်ပေးထားတဲ့ လျှို့ဝှက်လူတစ်ယောက်က သူ့ရဲ့နာမည်၊ ကိုယ်ပိုင်လက္ခဏာနဲ့ စည်းစိမ်ဥစ္စာအားလုံးကို အစားထိုး အပိုင်စီးသွားတာကို သိလိုက်ရပါတယ်။
အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ဘဝကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ မွန်းဂျယ်တစ်ယောက် အန္တရာယ်များလှတဲ့ အကြွေးရှင်စုံထောက် နိုဂျာနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ နိုဂျာဟာ သူ့ဆီက ငွေချေးပြီး ပျောက်ကွယ်သွားတဲ့ မွန်းဂျယ်ကို သုံးနှစ်တိုင်တိုင် လိုက်ရှာနေသူလည်း ဖြစ်ပါတယ်။ နိုဂျာဆီကို မွန်းဂျယ် ကိုယ်တိုင်ရောက်ရှိလာပြီး အကူအညီတောင်းခံလာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ ပျောက်ဆုံးသွားတဲ့ ငွေတွေနဲ့ ဘဝကို ပြန်လည်ရရှိဖို့အတွက် "ကြွက်" ဆိုတဲ့ အရိပ်ဆိုးကြီးနောက်ကို အတူတူ လိုက်လံစုံစမ်းကြပုံကို စိတ်ဝင်စားဖွယ် ရှုစားကြရမှာပဲ ဖြစ်ပါတယ်။