အမေရိကန်မှုခင်းစုံထောက် အက်ရှင်ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် စာရေးဆရာကြီး Lee Child ရဲ့ နာမည်ကျော် Jack Reacher စာအုပ်တွဲတွေထဲက Killing Floor ဆိုတဲ့ ပထမဆုံးစာအုပ်ကို အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ အရင်ထွက်ရှိထားခဲ့တဲ့ ရုပ်ရှင်တွေထက်စာရင် အခုဇာတ်လမ်းတွဲမှာ ဇာတ်အိမ်က ပိုမိုအသေးစိတ်ကျယ်ပြန့်လာသလို အက်ရှင်ခန်းတွေကလည်း ပိုမိုကြမ်းတမ်းပြီး အားရစရာကောင်းလှပါတယ်။ မာဂရေ့ဗ်ဆိုတဲ့ မြို့လေးက နှစ်ပေါင်း ၃၀ နီးပါး အမှုအခင်းတွေ ကင်းရှင်းပြီး အေးချမ်းသာယာခဲ့တဲ့ မြို့လေးပါ။ ဒါပေမဲ့ ဂျက်ရစ်ချာဆိုသူ အဲဒီမြို့ကို စရောက်လာတာနဲ့ လူသတ်မှုတွေက တစ်ခုပြီးတစ်ခု ဖြစ်ပွားလာပါတော့တယ်။ ရက်စက်လွန်းတဲ့ ကွင်းဆက်လူသတ်မှုတွေကြောင့် ရဲတွေက ရစ်ချာကို သံသယတရားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ တကယ်တော့ ရစ်ချာဟာ အနားယူထားတဲ့ စစ်ဘက်ဆိုင်ရာ ရဲအရာရှိတစ်ဦးဖြစ်ပြီး စုံထောက်လုပ်ငန်းတွေနဲ့ လှည့်ကွက်တွေကို လူအများထက် ပိုမိုသိမြင်နားလည်နိုင်စွမ်း ရှိသူပါ။ နောက်ဆုံးမှာတော့ သူဟာ မှားယွင်းစွပ်စွဲခံရတာဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ရဲတွေရဲ့ အကူအညီတောင်းခံမှုကြောင့် ဒီအမှုကိုအတူ လိုက်လံစုံစမ်းပေးဖို့ ဖြစ်လာခဲ့ပါတယ်။ အသတ်ခံလိုက်ရသူတွေထဲမှာ သူ့ရဲ့ တစ်ဦးတည်းသော အစ်ကိုဖြစ်သူ ပါဝင်နေတာကြောင့် လက်စားချေဖို့အတွက် ဒီစုံစမ်းစစ်ဆေးမှုကို လက်ခံလိုက်တာလည်း ဖြစ်ပါတယ်။ မာဂရေ့ဗ်ဆိုတဲ့ မြို့လေးက တကယ်ပဲ အေးချမ်းတဲ့နေရာတစ်ခု ဟုတ်ရဲ့လား၊ မြို့ဝန်ကအစ စီးပွားရေးသမားတွေနဲ့ ရဲတွေအထိ ဘယ်သူတွေက ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေသလဲဆိုတာ စိတ်ဝင်စားစရာပါ။ သဲလွန်စတွေကို ခြေရာခံရင်း ရှုပ်ထွေးလှတဲ့ ဇာတ်အိမ်နဲ့အတူ ရစ်ချာရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို ရင်သပ်ရှုမော ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။