Series
စ-ဆုံး
“အိပ်မက်” နဲ့ “အချစ်” ဆိုတဲ့ စကားလုံးနှစ်လုံးဟာ ကြားလိုက်ရုံနဲ့တင် လူအများစုရဲ့ ရင်ခုန်သံကို မြန်စေတတ်ပါတယ်။ ခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ဒီအနှစ်သာရကို အခြေခံပြီး ရိုက်ကူးထားတဲ့ အချစ်ဟာသ ဒရမ်မာအမျိုးအစားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းလေးထဲမှာတော့ အူဆူဘင်းဟာ မိဘတွေ စီမံပေးတဲ့အတိုင်း နေထိုင်ရပြီး ကိုယ်ပိုင်အိပ်မက် မရှိတဲ့သူတစ်ယောက်ပါ။ တစ်ဖက်မှာလည်း ဂျူအီဂျယ်ကတော့ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ စိတ်အားထက်သန်တဲ့ အိပ်မက်တွေ ရှိနေသူပေါ့။ အီဂျယ်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဆူဘင်းရဲ့ဘဝထဲမှာ ပထမဆုံးအကြိမ်အဖြစ် အိပ်မက်တစ်ခု စတင်လာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အတူတူဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ဖန်တီးကြဖို့ ကတိထားခဲ့ကြပေမဲ့ ဇာတ်ညွှန်းမပြီးခင်မှာပဲ ကံကြမ္မာကြောင့် ကွဲကွာသွားခဲ့ကြရပါတယ်။
၁၅ နှစ်အကြာမှာတော့ ဆူဘင်းဟာ အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အိပ်မက်ကို စွန့်လွှတ်ကာ သတင်းထောက်လုပ်နေရတဲ့ အီဂျယ်ရဲ့ရှေ့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဆူဘင်းက အတိတ်က ရေးလို့မပြီးခဲ့တဲ့ ဇာတ်ညွှန်းကို အဆုံးသတ်ဖို့နဲ့ ရုပ်ရှင်အတူတူ ဖန်တီးဖို့ အီဂျယ်ကို ပြန်လည်ကမ်းလှမ်းလာတဲ့အခါမှာတော့ သူတို့ရဲ့ ငယ်ဘဝအိပ်မက်တွေက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ။ ငယ်ဘဝက အစပျိုးခဲ့တဲ့ သူတို့နှစ်ဦးရဲ့ အိပ်မက်နဲ့ အချစ်ဇာတ်လမ်းလေးဟာ အခုတစ်ခါမှာတော့ ပျော်ရွှင်စရာ အဆုံးသတ်လေးနဲ့ ပြည့်စုံသွားနိုင်မလားဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။